(၆၄)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင်လက်ခံ ကျင်းပနိုင်ရေးအကြို ဆွေးနွေး မှုများပြုလုပ်

(၆၄)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် လက်ခံကျင်းပနိုင်ရေးအတွက်  Miss Universe Organization မှ Miss Universe Myanmar Organization ၏ National Director ဒေါ်စိုးယုဝေမှတဆင့် ကမ်းလှမ်းထားမှုအပေါ် ပြည်သူ့လွတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်မှုကော်မတီဥက္ကဌ သူရဦးအေးမြင့်မှ (၁၉.၂.၂၀၁၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကော်မတီရုံးခန်း၌ အကြိုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ သို့ အားကစားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးသောင်းထိုက်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဒေါ်အယ်လ်ခွန်းရီ၊  အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအောင်ကြိုင် ၊ အားကစား၊ ယဉ်ကျေးမှုနှင့်  ပြည်သူ့ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်(ခ)ခင်မောင်ရည် ၊ ဒေါ်စိုးယုဝေ (National Director -Miss Universe Myanmar Organization) နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးမှုများအရ Miss Universe ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပါက လိုအပ်မည့် အချက်အလက်များနှင့် ပံ့ပိုးမည့်သူများ ရရှိနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများအရ ပြိုင်ပွဲကျင်းပရာတွင် ကုန်ကျမည့်အသုံးစရိတ်များအား ပံ့ပိုးမည့် Sponsor များ ရရှိနိုင်မည့် အခြေအနေများအား စုစည်းပြီး ပြန်လည်တင်ပြရန်၊ မိမိနိုင်ငံအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား လေ့လာတင်ပြရန်နှင့် အဆိုပါ တင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး ပြိုင်ပွဲလက်ခံကျင်းပနိုင်ရေးအား ဆက်လက်တင်ပြသွားရန် အပြုသဘောဆောင် ဆွေးနွေးခဲ့ကြပါသည်။

ယခုကဲ့သို့ Miss Universe Myanmar Organization အား ခေါ်ယူဆွေးနွေးမှုများ ပြုလုပ်ရခြင်းမှာ Miss Universe Myanmar Organization ၏ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ရက်စွဲပါ ပြည်သူ့လွတ်တော်ဥက္ကဌထံ တင်ပြစာအရ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါသည်။  အဆိုပါတင်ပြစာတွင် Miss Universe ပြိုင်ပွဲအား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအဖြစ်

  • Miss Universe ပြိုင်ပွဲ အကြိုလှုပ်ရှားမှုများနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့် ပြသနေချိန်တွင် မိမိနိုင်ငံအကြောင်း ရိုက်ကူးထားသည့် Video Clip ကို (၇) မိနစ်မှ (၈) မိနစ်စာ တစ်ကမ္ဘာလုံးသို့ ပြသခွင့်ရရှိခြင်း၊
  • ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ မြှင့်တင်နိုင်ခြင်း၊
  • ပြည်ပရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းများ တိုးတက်ဖြဟ်ပေါ်ရရှိစေနိုင်ခြင်း၊
  • ကမ္ဘာသို့ ထုတ်ဖော်တင်ပြလိုသော မိမိနိုင်ငံ၏ ကောင်းသတင်းပုံရိပ်များ ပြသနိုင်ခြင်း၊
  • မိမိနိုင်ငံအား ကမ္ဘာ့နိုင်ငံများအကြား အချိန်တိုအတွင်း စိတ်ဝင်စားမှုအရှိန်အဟုန် မြင့်မားစေနိုင်ခြင်း၊
  • မိမိနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သဘာဝအလှအပများကို ထုတ်ဖော်ပြနိုင်ခြင်း၊
  • ပြည်သူလူထုများ စိတ်အားထက်သန်စွာ အားပေးကြည့်ရှုနိုင်ခြင်း၊
  •  နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံများကို အများပြည်သူမှ မျက်ဝါးထင်ထင် လေ့လာနိုင်ခြင်း၊
  • ကမ္ဘာနှင့်ရင်ဘောင်တန်း ဆောင်ရွက်သည့် လုပ်ငန်းအတွေ့အကြုံများ ရရှိစေနိုင်ခြင်း၊
  • ခေါင်းဆောင်နိုင်မှုစွမ်းရည်နှင့် မိမိကိုယ်ကို ယုံကြည်မှုစွမ်းရည် တိုးတက်စေခြင်းစသည့် အကျိုးကျေးဇူး များ

ရရှိစေနိုင်ကြောင်း တင်ပြခဲ့ပါသည်။

Miss Universe ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးမှာ Miss Universe Myanmar Organization တစ်ဦးတစ်ယောက်တည်းအင်အားဖြင့် ဆောင်ရွက်ရန် များစွာအခက်အခဲရှိသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိလာသည့် အခွင့်အရေးအပေါ် နိုင်ငံတော်မှ သိရှိစေရန် သတင်းပို့တင်ပြခြင်း ဖြစ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။