Miss Universe 2015 ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကမ်းလှမ်း

(၆၄) ကြိမ်မြောက် Miss Universe 2015 ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် (၆၃) ကြိမ်မြောက် Miss Universe ပြိုင်ပွဲသို့ သွားရောက်ခဲ့သည့် Miss Universe Myanmar Organization အား ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါသည်။ Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေအား Miss Universe Organization ၏ ဥက္ကဌဖြစ်သူ Ms. Paula M Shugart နှင့် Vice President & Chief Finance Officer ဖြစ်သူ Mr. Larry Parra တို့မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ကမ်းလှမ်းမှုသည် မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများသို့ ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် Miss Universe ပြိုင်ပွဲကြီးအား အခြားနိုင်ငံများမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုးပမ်းမှုများ ရှိသော်လည်း ၂၀၁၃ခုနှစ်နှင့် ၂၀၁၄ခုနှစ်များတွင် မြန်မာနိုင်ငံ၌ Miss Universe Myanmar ပြိုင်ပွဲများကို ကျင်းပပြုလုပ်နိုင်ခဲ့သည့် အခြေအနေများကြောင့် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါတွင် Miss Universe Myanmar Organization အနေဖြင့် အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ခြေများကို တွေ့ဆုံဆွေးနွေး တင်ပြသွားမည်ဖြစ်ပြီး နောက်ဆက်တွဲသတင်းအချက်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။