Miss Universe ပြိုင်ပွဲနှင့် ပြန်လည်မိတ်ဆက်ပေးခဲ့သူ သို့မဟုတ် မိုးစက်ဝိုင်

အနုပညာနှင့် ပတ်သက်လျှင်မျိုးရိုးမရှိသလို ထိတွေ့ဆက်ဆံဖူးခြင်းလည်းမရှိခဲ့သော မဝေဝေခိုင်ဟာ ငယ်စဉ်ကလေးဘဝက အရာရာကိုကြောက်တတ်သူတစ်ယောက်ဖြစ်သည်။ မဝေဝေခိုင်ဟာ ကျောင်းသူ ဘဝကဆိုလျှင် တစ်ယောက်တည်းပင်အပြင်သို့ထွက်လေ့မရှိခဲ့သူ။  သို့သော် အတိတ်နှင့်ယခု မယုံနိုင်လောက်သော ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်ခဲ့သည်။ မဝေဝေခိုင်ဟာ မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၅၀ ကျော်ကွာဝေးခဲ့တဲ့ (Miss Universe) မယ်စကြာဝဠာ ပြိုင်ပွဲကြီးကို မြန်မာပရိသတ်များ ပြန်လည်သက်ဝင်လာအောင် မိတ်ဆက်ပေးခဲ့သူ၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွင်ကျင်းပပြုလုပ်ခဲ့သော (၆၂) ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင် ဖြစ်လို့နေပါပြီ။ သူ့ကိုယ်သူနှင့် သူ့ကိုအားပေးသူများက ချစ်စနိုးဖြင့် မိုးစက်ဟု ခေါ်ကြပါသည်။

မိုးစက်ဝိုင်ကို ၁၉၈၈ ခုနှစ် မေလ ၂၀ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အဖွားဖြစ်သူနှင့်အတူ အသက် ၄ နှစ်အရွယ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် နေထိုင်ခဲ့ကာ ၅ နှစ်အရွယ် ကျောင်းတက်ခါနီးတွင် ရန်ကုန်မြို့သို့ ပြန်ရောက်လာပြီးနောက် သူငယ်တန်းမှ ဆယ်တန်းအထိ အ.ထ.က(၁) ဒဂုံတွင် ပညာသင်ယူခဲ့ သည်။ မွေးချင်းမောင်နှမ လေးယောက်တွင် တတိယမြောက်ဖြစ်သည့် မိုးစက်ဝိုင်ဟာ ငယ်စဉ်ကပြင်ပ လောကနှင့် ထိတွေ့မှုနည်းခဲ့ပြီး ကျောင်းစာကလွဲပြီး အခြားအလုပ်များသည် သူနှင့်မဆိုင်သလို ဖြစ်ခဲ့သည်။

သို့သော် စတုတ္ထတန်း(လေးတန်း) ကျောင်းသူဘဝကျောင်းကပွဲတစ်ခုတွင် မိုးစက်ဝိုင်ပါဝင်ဖို့ အကြောင်း ဖန်လာခဲ့သည်။ သူ၏အစ်ကိုနှင့် နောင်တစ်ချိန်တွင် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်လာမည့် နန်းဆုရတီစိုး၏ အစ်ကိုတို့မှာ ခင်မင်သော ငယ်သူငယ်ချင်းများ ဖြစ်ကြသောကြောင့် မိုးစက်ဝိုင်မှာ သူ့ထက် အတန်းတစ်တန်းကြီးသော နန်းဆုရတီစိုးနှင့် ငယ်စဉ်ကပင်ခင်မင်ခဲ့သည်။ ကျောင်းကပွဲတွင် ပါဝင်ဖို့ နန်းစုရတီစိုး၏ တိုက်တွန်းမှုကြောင့် သူလေးတန်းကျောင်းသူအရွယ် ကျောင်းကပွဲတွင် ပါဝင်ခဲ့သည်။  နောက်ပိုင်း နဝမတန်း(ကိုးတန်း) တွင် ကျောင်း၌ပြုလုပ်သော အခမ်းအနားတစ်ခုတွင် မိုးစက်ဝိုင် အခမ်း အနားမှူး လုပ်ရသည်။

"အခမ်းအနားမှူးလုပ်တဲ့နေ့က မိုးစက် အသံတွေဝင်နေတယ်၊ ဒါပေမဲ့ အရန်အခမ်းအနားမှူးကို မလုပ် ခိုင်းဘဲ မိုးစက်ကိုပဲဆက်လုပ်ခိုင်းတယ်" ဟု သူက ကျောင်းအခမ်းအနားတစ်ခုတွင်အခမ်းအနားမှူး လုပ်ခဲ့စဉ်က ရရှိခဲ့သော အတွေ့အကြုံကိုပြောပြသည်။

- ၂ -

ထိုအချိန်မှစတင်ကာ သူအလုပ်များလုပ်ရဲကိုင်ရဲရှိလာပြီး သူ့ကိုယ်သူယုံကြည်မှု ရှိလာခဲ့ကာ ပထမဆုံး ရခဲ့သည့် အတွေ့အကြုံက နောက်ပိုင်းသူဖြတ်ကျော်ရမည့် အခက်အခဲများအတွက် ကောင်းသော၊ တန်ဖိုးဖြတ် မရသော အတွေ့အကြုံကောင်းများ ဖြစ်လာခဲ့သည်။

မိုးစက်ဝိုင် ရှစ်တန်းကျောင်းသူ ဘဝတွင် လူငယ်လေ့ကျင့်ရေး အစီအစဉ်ဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့သို့ လေ့လာရေးခရီးစတင်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်မှာ သူ့အတွက် ပထမဆုံး နိုင်ငံရပ်ခြား ခရီးတစ်ခုဖြစ်ပြီး အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများရလာခဲ့သည်။ ၁၀ တန်းပြီးသောအခါ ဒုတိယမြောက် နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဘေဂျင်းသို့ လေ့လာရေးခရီးထပ်မံရောက်ရှိခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံကောင်းများ သူရရှိခဲ့သည်။

ဆယ်တန်းအောင်သောအခါ ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ်စာအဓိကဖြင့် (BA.English) သင်ယူရင်း တက္ကသိုလ်ကျောင်းသူဘဝကို မိုးစက်ဝိုင် စတင်ဖြတ်သန်းခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘဝတွင် အနုပညာ အလုပ်ဟူ၍ မယ်မယ်ရရမလုပ်ဖြစ်ခဲ့ပါ။ သူကျောင်းပြီးတော့ Alpine ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့သည်။ သူ၏ ရည်မှန်းချက်နှင့် ၀ါသနာက စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ရန်ပင်။

အနုပညာအလုပ်လုပ်ဖြစ်ရန် ပထမဆုံးဖြစ်လာခဲ့မှုမှာ မိုးစက်ဝိုင်တို့မိသားစု၏ စီးပွားရေးလုပ်ငန်းဖြစ် သည့်  Ve Ve အချိုရည်ကြော်ငြာရိုက်ကူးခြင်းဖြစ်သည်။ ထိုအချိန်မှာ ၂၀၀၆-၂၀၀၇ ခုနှစ်ကဖြစ်သည်။ နောက်ပိုင်းတွင် အနုပညာအလုပ် မလုပ်ဖြစ်ခဲ့ဘဲ ပညာရေးဘက်ကိုရွေးချယ်ကာ သြစတြေးလျနိုင်ငံသို့ ပညာသင်သွားခဲ့သည်။ မိခင်ဖြစ်သူက သူတစ်ယောက်တည်းနိုင်ငံရပ်ခြားတွင် ရောက်နေသည်ကို စိတ်မချ သောကြောင့် တစ်နှစ်ခန့်ပညာသင်ပြီးနောက် မြန်မာနိုင်ငံသို့ မိုးစက်ဝိုင်ပြန်လာပြီး အစ်ကိုရှိရာ အမေရိကန် နိုင်ငံသို့ ဆက်လက်ခြေဆန့်နိုင်ရန် ပြင်ဆင် ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မိုးစက်ဝိုင်အတွက် ပထမဆုံးအတွေ့အကြုံရခဲ့သည့် တရုတ်-မြန်မာကုန်သည်ကြီး များအသင်းနှစ်ပတ်လည် အခမ်းအနားတွင်ပြုလုပ်သော အလှမယ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့ခြင်းပင်။ နောက်ပိုင်း တွင်အနုပညာနှင့်သက်ဆိုင်သော အလုပ်မလုပ်ဖြစ်တော့ဘဲ အစ်ကိုရှိရာ အမေရိကန်နိုင်ငံသို့ပညာသင်ရန် ထွက်ခွာခဲ့သည်။

သူဖြစ်ချင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ပညာသင်ရန် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် လစ်သူရမ်တက္ကသိုလ်တွင် စီးပွားရေးဈေးကွက်ပညာရပ်ဖြင့် ဘွဲ့ဒီဂရီတက်ရောက်ခဲ့သည်။ မိုးစက်ဝိုင် ပညာသင်ယူပြီးနောက် အမေရိကန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုတွင် တစ်နှစ်ခန့် အလုပ် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သူပြန်လာခဲ့ပြီး မကြာခင်တွင်ပင် နှစ်ပေါင်း ၅၀ ကျော်ကွာဝေးခဲ့သည့် Miss Universe 2013 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် အလှမယ်များ   ခေါ်ယူခဲ့သည်။

- ၃ -

အဆိုပါပြိုင်ပွဲကြီးအတွက် Hello Madam Media Group က Miss Universe Myanmar Organization အဖြစ်ဆောင်ရွက်ကာ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

သူငယ်ချင်း၏ အားပေးတိုက်တွန်းမှုကြောင့် မိုးစက်ဝိုင်  Miss Universe Myanmar 2013 ပြိုင်ပွဲဝင်ရန် ဖြစ်လာခဲ့သည်။

"မှတ်မှတ်ရရပြောရရင် စိန်နန်းတော်ရွှေဆိုင်က သူငယ်ချင်းက ပြိုင်ပွဲဝင်ဖို့အားပေးတယ်၊ လျှောက်လွှာ တင်တာကအစ သူကလုပ်ပေးခဲ့တယ်" ဟု သူငယ်ချင်းဖြစ်သူ၏ အားပေးထောက်ပံ့မှုကြောင့် ပြိုင်ပွဲဝင် ဖြစ်ခဲ့ပုံကိုပြောသည်။

မြန်မာနိုင်ငံပြိုင်ပွဲတွင် အင်တာနက်မှ Voting ပေးခြင်းတွင် အများဆုံးဖြစ်ခဲ့သည်။ Camp ဝင်ချိန်တွင် နယ်ခရီးထွက်ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သော ပြိုင်ပွဲကြီးက မိုးစက်ဝိုင်ဘဝအတွက် ကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်လာခဲ့သည်။ ထိုအပြောင်းအလဲက Miss Universe Myanmar 2013 ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ဘဝတွင် အပျော်ဆုံးနေ့များထဲမှ တစ်နေ့ဖြစ်ခဲ့သော်လည်း ထိုပျော်ရွှင်မှုမှာ ခဏတာအတွင်း ကုန်ဆုံးသွားသည်။ ရုရှားသို့သွားရောက်ပြိုင်ပွဲဝင် ရမည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်မိုးစက်ဝိုင် ဖြစ်သွားခဲ့ခြင်းပင်။ သူ့အားတာဝန်ကြီးတစ်ရပ် အပ်နှင်းလိုက်လေပြီ။ ထိုတာဝန်ကြီးက မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ အတွက် ကိုယ်စားပြုရတော့မည့် တာဝန်ကြီးဖြစ်သည်။ ပြိုင်ပွဲတွင်သရဖူရခြင်းကြောင့် ပျော်ရွှင်မှုထက် တာဝန်ကြီး တစ်ရပ် ထမ်းဆောင်ရတော့မည် ဟူသည့်အသိစိတ်ဝင်လာခဲ့ခြင်းပင်။

မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပြိုင်ပွဲပြီးချိန်တွင် မိုးစက်ဝိုင် ရုရှားနိုင်ငံသို့သွားရောက်ရမည့် ရက်မှာ အလွန်နီးကပ်ခဲ့သည်။ ဝတ်စုံပြင်ဆင်ခြင်းကဲ့သို့ ပြင်ဆင်မှုများကို အပြေးအလွှားလုပ်ရသည်။ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းနှင့် လူမှုဆက်ဆံရေးကဲ့သို့ ပြိုင်ပွဲတွင် ပြုလုပ်ရမည့် အချက်များကို ထိုင်းနိုင်ငံမှ ၂၀၀၉ ခုနှစ် Miss Universe ပြိုင်ပွဲဝင် အလှမယ်က လာရောက် သင်ကြားပေးသည်။ သို့သော် လုံလောက်သော ပြင်ဆင်မှု တော့မရခဲ့။ ပြင်ဆင်ချိန်ကောင်းစွာမရသော်လည်း သူ အကောင်းဆုံးဖြစ်အောင် ကြိုးစားရသည်။

ရုရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံသို့စတင်ထွက်ခွာ ချိန်တွင် မိုးစက်ဝိုင်အတွက် သာမန်ခရီး သွားခြင်းမဟုတ်သော ခံစားမှုတစ်ခုရရှိလာသည်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် ဟူသည့် အသိစိတ်ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်ရောက်ချိန်တွင် သူ့ကိုသင်ကြားပေးခဲ့သည့်  Miss Universe Thailand 2009 အလှမယ် လာရောက်တွေ့ဆုံပြီးချိန်တွင်တော့ မိုးစက်ဝိုင်အရမ်း စိတ်ဓာတ်ကျသွားသည်။

- ၄ -

'' အလှမယ်တစ်ယောက်နဲ့မတူသေးဘူး '' ဟု အပေးခံရသော မှတ်ချက်ကြောင့် မိုးစက်ဝိုင် အရမ်း ဝမ်းနည်းကာ ရှိုက်ကြီးတငင်ငိုရတော့သည်။ နိုင်ငံနှင့်လူမျိုးအတွက် တာဝန်မကျေသူ ဖြစ်ရမှာကိုစိုးရိမ်သွား ခဲ့သည်။

''အဲဒီအချိန်မှာ မိုးစက်တစ်ယောက်တည်း အရမ်းအားငယ်ရတယ်၊ အရမ်းဝမ်းနည်းခဲ့ရတယ်၊ အရမ်းစိတ်ဓာတ်ကျပြီး ငိုရတော့တာပေါ့" ဟု ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် တွေ့ကြုံမှုကိုပြန် ပြောပြချိန် မှာတော့ မိုးစက်ရဲ့အသံမှာတိမ်ဝင်သွားကာ သူကိုယ်တိုင်ရော၊ နားထောင်ရသူကိုပါ ဝမ်းနည်းမှုတွေ ပြန်လည် ကူးစက်စေခဲ့သည်။

ထိုင်းနိုင်ငံမှ ရုရှားနိုင်ငံမော်စကိုသို့ ဆက်လက်ထွက်ခွာချိန်မှာတော့  မိုးစက်ဝိုင်အတွက် စိတ်အားငယ် စရာ အဖြစ်အပျက်တစ်ခုကြုံတွေ့ခဲ့ရပြန်သည်။ လေဆိပ်တွင် ထိုင်းနိုင်ငံမှ Miss Universe ပြိုင်ပွဲဝင် မည့် အလှမယ်ကို လိုက်ပို့ချိန်တွင် "ထိုင်းလန်း… ထိုင်းလန်း'' ဟု အားပေးသံများကြားတွင် မြန်မာ အလှမယ် မိုးစက်ဝိုင်ကတော့ တစ်ယောက်တည်း။ မြန်မာတွေများရှိလေမလားဟု လိုက်ရှာမိသေး သည်။

"လေဆိပ်မှာ သူတို့အုပ်စုက အရမ်းတောင့်တော့ မိုးစက်ကိုယ်တိုင်တောင် "ထိုင်းလန်း…ထိုင်းလန်း" လို့ လိုက်အော်မိတယ်" ဟု ထိုင်းနိုင်ငံမှ ထွက်ခွာခါနီး လေဆိပ်တွင်ကြုံတွေ့ခဲ့ရမှုကို ပြန်ပြောပြသည်။

"နေရိပ်လိုချင်ရင် နေပူကစောင့်" ဆိုသလိုပင် မိုးစက်ဝိုင်အတွက် ကံကောင်းခြင်းတွေဖြစ်ပေါ်လာခဲ့ သည်။ ထိုကံကောင်းခြင်းများကို စတင်ဖန်တီးပေးသူကတော့ Miss Universe Myanmar Organization ပင်ဖြစ်သည်။ ထို့ကြောင့် မိုးစက်ဝိုင်က Organization ကိုယခုထိတိုင်ကျေးဇူးတင်နေမိသည်။ ထိုင်း မှ ရုရှား သို့ သွားသော လေယာဉ်လက်မှတ်ကို Organization ကများစွာကုန်ကျသော Business Class ဖြင့် မှာယူပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင် မိုးစက်ဝိုင်၏ ဘေးချင်းကပ် ထိုင်ခုံတွင် ရုရှားနိုင်ငံမော်စကိုမြို့တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲကို ကြည့်ရှုရန်သွားရောက်သည့် ထိုင်းနိုင်ငံသား မိတ်ကပ်ဆရာတစ်ဦးဖြစ်နေခဲ့သည်။ အဆိုပါ မိတ်ကပ်ဆရာမှာ ထိုင်းနိုင်ငံမှ အလွန်တော်သော မိတ်ကပ်ဆရာ တစ်ဦးဖြစ်နေသည်။ မော်စကို ရောက်ခါနီးတွင် အဆိုပါမိတ်ကပ်ဆရာက မိုးစက်ဝိုင်ကို အလှပြင်ပေးခြင်းကြောင့် မိုးစက်ဝိုင် မော်စကိုလေဆိပ် ရောက်ရှိချိန်တွင် အလှပြင်ပြီးသားဖြစ်သွားသည်။

ထိုင်းနိုင်ငံမှာ အရမ်းစိတ်အားငယ်ခဲ့ရတဲ့ မိုးစက်ဝိုင်ဟာ မော်စကိုလေဆိပ်ရောက်ရှိချိန်မှာတော့ စိတ်အားငယ်မှုတွေ လုံးဝပျောက်သွားခဲ့သည်။ လေဆိပ်သို့လေယာဉ်ဆိုက်သည်နှင့် မြန်မာသံရုံးမှလေဆိပ် အတွင်းပိုင်းအထိရောက်အောင် လာကြိုသည်။

- ၅ -

'' မြန်မာ…မြန်မာ" ဟုကြိုဆိုအားပေးသံများကြောင့် မိုးစက်ဝိုင် ချက်ချင်းအားတက်သွားသည်။ လေဆိပ် ထဲတွင် မိုးစက်ဝိုင်ကိုကြိုဆိုနေသည့် မြန်မာလူမျိုးများကအပြည့်။ သူတို့ကိုတွေ့လိုက်ရတော့ မိုးစက်အရမ်း ပျော်သွားသည်။ "သံအမတ်ကြီးဇနီးကိုယ်တိုင် လာကြိုတယ်၊ ကားမဆံ့လို့ထားခဲ့ရသူများပင်ရှိသည်ဟု မိုးစက် သိလိုက်ရတော့ အရမ်းအံ့သြပြီး အားတက်သွားတာပေါ့" ဟုပြောပြနေချိန်တွင် အဆိုပါအချိန်က ပျော်ရွှင်မှုကို ပြန်သတိရကာ ကျေနပ်ပီတိဖြစ်သွားသည်။

မော်စကိုလေဆိပ်တွင် ထိုင်းအလှမယ်၏ များပြားသောပစ္စည်းများကို မြန်မာများက ၀ိုင်းကူသယ်ပေး ကြသည်။ '' သူနဲ့ပါလာတဲ့သူက ကြီးကြပ်သူ ဆိုတော့ သူ့ကိုကူသယ်မပေးဘူး။ အဲဒါနဲ့ မိုးစက်က ၀ိုင်းကူ သယ်ပေးဖို့ အကူအညီတောင်းတော့ မြန်မာတွေက ၀ိုင်းကူသယ်ပေးကြ တယ်''ဟု မြန်မာ လူမျိုးများ၏ သနား ညှာတာစိတ်နှင့် ရိုင်းပင်းကူညီခဲ့မှုအကြောင်း ပြောပြသည်။

လေဆိပ်ရောက်သောအခါ Miss Universe Organization အစီအစဉ်ဖြင့် တည်းခိုရမည့် ဟိုတယ်သို့ သွားခဲ့ရသည်။ ထိုအချိန်အထိ မိုးစက်ဝိုင်ထံတွင် ဓာတ်ပုံမရှိသေး၊ ထို့ကြောင့် သံအမတ်ကြီး၏စီစဉ်ပေးမှုဖြင့် မော်စကိုမြို့တွင်ဓာတ်ပုံရိုက်ရန်ပြင်ဆင်ရသည်။ ထိုအချိန် ရုရှားနိုင်ငံတွင် နိုင်ငံတကာမော်ဒယ်လ် တစ်ဦးအဖြစ် ရပ်တည်နေသည့် မပပဝင်းကလည်း မိုးစက်ဝိုင်ကို ကူညီရန်သံရုံးသို့ရောက်လာခဲ့သည်။

ဓာတ်ပုံရိုက်သည့်နေ့က မော်စကိုမြို့၏အပူချိန်က အနုတ် ၄၊ အနုတ် ၅ ဒီဂရီစင်တီဂရိတ်ခန့် ဖြစ်နေ သည်။ မော်စကိုမြို့ရင်ပြင်နီနှင့် အခြားထင်ရှားသောနေရာများတွင် ဓာတ်ပုံရိုက်ရသည်။ မိုးစက်ဝိုင် တစ်ယောက် မော်စကိုမြို့ရဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အနွေးထည်အထပ်ထပ် ၀တ်ကာ ပြင်ဆင်ရသည်။ ဘယ်လောက် ဝတ်ဝတ် သူကတော့ခိုက်ခိုက်တုန်နေပြီ။ စောင်းကောက်နှင့် ဆွမ်းအုပ်ကဲ့သို့ ဓာတ်ပုံရိုက်ရာတွင် လိုအပ်မည့် မြန်မာ့ရိုးရာပစ္စည်းများကို သံရုံးမှယူလာခဲ့သည်။

"မိုးစက်ကို အရမ်းအေးမယ်လို့ပြောကြတယ်၊ ဒါပေမယ့်အဲဒီလောက်အေးမယ်လို့ ထင်မထားဘူး၊ သူတို့ က အနွေးထည်တွေယူလာပေးတယ်၊ ဓာတ်ပုံရိုက်ဖို့ပစ္စည်းတွေဆင်ကြတဲ့အချိန် မိုးစက်ကို ကုန်တိုက်ထဲ ဝင်နေခိုင်းတယ်၊ အားလုံးဆင်ပြီးပြီ ရိုက်မယ်ဆိုကာမှ ထွက်လာခိုင်းတယ်၊ အဲဒီမှာ မပပဝင်းရှိနေတာက မိုးစက် အရမ်းကံကောင်းတယ်၊ သူက ဓာတ်ပုံရိုက်ခါနီး အနေအထား ပိုစ့်ပေးတာကို ဘေးနားကနေ ပြောပေး နေတော့ ပုံတွေကအသက်ဝင်သွားတယ်၊ ခုနေပြန်ရိုက်ရင်တောင် အဲဒီတုန်းကပုံမျိုးမရနိုင်တော့ဘူး'' ဟု မော်စကို မြို့တွင်ဓာတ်ပုံရိုက်စဉ်က အတွေ့အကြုံများကို ပြန်ပြောပြသည်။

ဓာတ်ပုံရိုက်ရာတွင် မျက်လုံး ဘယ်ကိုကြည့်ရမယ်၊ လက် ဘယ်လိုထားရမယ်၊ အဝတ်အစား ဘယ်လို ၀တ်ရမယ် ၊ လမ်းလျှောက်ရင် ဘယ်လိုလျှောက်ရမယ် ဆိုသည့် မပပဝင်း၏အတွေ့အကြုံများ သင်ပြ ပေးမှုက မိုးစက်ဝိုင်နောက်ဆုံးပြိုင်ပွဲဝင်ရန် အကောင်းဆုံး အခြေအနေတစ်ခု ဖန်တီးနိုင်ခဲ့သည်။ မော်စကိုတွင်ရိုက်ခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်များတွင် လျင်မြန်စွာပျံ့နှံ့ခဲ့ပြီး လူကြိုက်များသော ပုံများ ဖြစ်လာခဲ့သည်။

- ၆ -

"အဲဒီအချိန်တုန်းက ရုရှားကိုရောက်နေတဲ့ မြန်မာတွေက မိုးစက်အတွက် တော်တော်အနစ်နာခံကြ တယ်။ မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ ကျော်မှ ပြန်ပြိုင်တဲ့ ပထမဆုံးပွဲဆိုတော့ အားလုံးကူညီကြတယ်၊ အရမ်းအေးတော့ ဓာတ်ပုံရိုက်ခါနီး ကုန်တိုက်နဲ့ ရိုက်မယ့်နေရာကို ပြေးရတယ်၊ မိုးစက်လည်း တော်တော် ပျော်နေတာ၊ ထိုင်းမှာကြုံခဲ့ရသလို အားငယ်စိတ်တွေ စိုးရိမ်စိတ်တွေ လုံးဝမရှိတော့ဘူး" ဟု ထိုအချိန်က စိတ်ခံစားရမှုကို ပြောပြသည်။

ပြိုင်ပွဲအတွက် Camp ဝင်ဖို့သွားချိန်မှာတော့ မိုးစက်ဝိုင်အတွက် အခက်အခဲများစတင်ကြုံရပြန်သည်။ ဒီတစ်ခါတော့ မိုးစက်ဝိုင်တစ်ယောက်တည်းမဟုတ်၊ ပြိုင်ပွဲဝင်မည့် အလှမယ်အားလုံးကြုံတွေ့ရသည်။ Miss Universe ပြိုင်ပွဲဝင်များ လှုပ်ရှားမှုများဆောင်ရွက်ရန် ပေးထားသည့် အချိန်စာရင်းမှာ လက်တွေ့ အခြေအနေနှင့် လုံးဝကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ရုရှား နိုင်ငံတွင် ပထမဆုံး ပြုလုပ်ခြင်းနှင့် ရုရှားနိုင်ငံတွင် အင်္ဂလိပ်ဘာသာစကား မသုံးစွဲခြင်းတို့ကြောင့် ဖြစ်သည်။

"မိုးစက် Camp ကိုရောက်အချိန်က ဘာနဲ့တူလဲဆိုတော့ မီးမရှိတဲ့အမှောင်ခန်းလေးကို တံခါးဖွင့်ပြီး ဝင်ရသလိုပဲ စမ်းတ၀ါးဝါးနဲ့ပေါ့" ဟု Camp သို့စရောက်ချိန်ခံစားရမှုကို မိုးစက်ဝိုင်ပြောပြသည်။ လေ့ကျင့်ချိန် ၁၀ ရက်သာရရှိခဲ့ခြင်း၊ မိုးစက်ဝိုင်လည်း ပထမဆုံး အတွေ့ အကြုံဖြစ်ခြင်းကြောင့် အရာအားလုံးသည် သူ့အတွက် အသစ်အဆန်းဖြစ်နေသည်။ ထိုပွဲသည် Miss Universe Myanmar Organization အတွက်လည်း ပထမဆုံး အတွေ့အကြုံပင်ဖြစ်သည်။  မိုးစက်ဝိုင်ဟာ သူ့ရဲ့ ကံ၊ ဥာဏ်၊ ၀ီရိယတို့ဖြင့် လမ်းသစ်စဖောက်နေပါပြီ။ Miss Universe အဖွဲ့ကပေးထားသည့် စာရွက်မှအချိန်ဇယားများကွဲလွဲနေခြင်းကြောင့် လုပ်ရသည့် အလုပ်တချို့မှာ ကြိုတင်သိထားသည့်အကြောင်းအရာနှင့် မတူညီတော့ပေ။ ပထမဆုံး Camp ရောက်သည့် နေ့တွင် မိုးစက်ဝိုင်တစ်ယောက်ကြောက်နေမိသည်။ လုပ်ဆောင်ရသည့်အရာမှာ များပြားလှသည့်အပြင် ယဉ်ကျေး မှုကလည်းကွာခြားနေပြန်သည်။

''မိုးစက်သိထားတာက Swim Suit ဆိုတာ ဓာတ်ပုံရိုက်တဲ့အချိန်နဲ့ ပြိုင်တဲ့အချိန်ပဲဝတ်ရမှာလို့ သိထား တာ၊ ဟိုရောက်တော့ အားလုံးက Swim Suit နဲ့လျှောက်သွားနေကြတာ၊ ပထမဆုံးနေ့ဆိုတော့ ရှက် သလိုလို၊ ကြောက်သလိုလိုနဲ့ တုန်ချိတုန်ချိဖြစ်နေတာ၊ Shopping Mall ထဲရောက်တော့လည်း အားလုံးက Swim Suit နဲ့လျှောက်သွားနေကြတာ၊ ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်ရတာ၊ အဲဒီအချိန်မှာ သူများလုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ်၊ သူများလုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ် ဆိုပြီး ကိုယ့်ကိုယ်ကို ထပ်ကာထပ်ကာ အားပေးနေရတယ်'' ဟု Swim Suit ၀တ်စုံနှင့် အခက်အခဲ ကြုံရပုံကို ရယ်မောကာပြောပြနေသည်။ ထိုအချိန်ကတော့ မိုးစက်ဝိုင်မှာ မြန်မာမိန်းကလေးပီပီ အရှက်ပိုခဲ့ရသည်။

- ၇ -

မိုးစက်ဝိုင်ပါဝင်ယှဉ်ပြိုင်သည့် (၆၂)ကြိမ်မြောက် ကမ္ဘာ့မယ်စကြာဝဠာ (Miss Universe 2013) ရွေးချယ် ပွဲ တွင်ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များ၏ အသက်အပိုင်း အခြားမှာ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပါဝင်ယှဉ်ပြိုင်သည့် အလှမယ်များတွင် အသက် အကြီးဆုံး ပါဝင်ယှဉ်ပြိုင်သူမှာ ကနေဒါအလှမယ် ရီဇာဆန်းတို့စ်ဖြစ်ပြီး အသက် ၂၇ နှစ်ဖြစ်သည်။ အာရှတိုက်မှ ဗီယက်နမ်၊ တရုတ်နှင့် မြန်မာအလှမယ် မိုးစက်ဝိုင်တို့က အသက် ၂၅ နှစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 နိုင်ငံအသီးသီးမှပြိုင်ပွဲဝင် အလှမယ်လေးများသည် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း ပါဝင်ယှဉ်ပြိုင်ရန် Miss Universe Organization သို့သတင်းပို့ခဲ့ကြသည်။ မိုးစက်ဝိုင် အပါအ၀င် ပြိုင်ပွဲဝင် အားလုံးသည် အောက်တိုဘာ ၂၅ ရက်တွင် Miss Universe 2012 သရဖူရထားသည့် အမေရိကန် အလှမယ် Oliva Culpo နှင့် တွေ့ဆုံခဲ့ကြပြီး ဂုဏ်ပြုကြိုဆိုသည့် ညစာစားပွဲအခမ်းအနား ကျင်းပခဲ့သည်။

 ပြိုင်ပွဲဝင် အလှမယ်များသည် အောက်တိုဘာ ၂၆ ရက်တွင် လေ့လာရေးခရီးအဖြစ် မော်စကိုရင်ပြင်နီ၊ ကရင်မလင်နန်းတော်နှင့် အမျိုးသားပြဇာတ်ရုံ(Bolshoi Theater)တို့ကို လေ့လာခွင့်ရခဲ့ကြသည်။ မော်စကို ရင်ပြင်နီတွင် ကြည့်ရှုလေ့လာခြင်း၊ တစ်ဦးချင်းနှင့်အဖွဲ့လိုက် စုပေါင်းဓာတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ခြင်းတို့ ပြုလုပ် ခဲ့ကြသည်။ ထို့နောက် မိုးစက်ဝိုင်အပါအ၀င် ပြိုင်ပွဲဝင်အလှမယ်များသည် အမျိုးသားယဉ်ကျေးမှုပြဇာတ်ရုံတွင် ရုရှားရိုးရာယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို မှတ်သားလေ့လာကြသည်။ ထိုနေ့ညနေပိုင်းတွင် မိုးစက်ဝိုင် တစ်ယောက် Rio Leninsky Mall တွင်ပြုလုပ်သည့် 2014 YAMAMAY for Miss Universe အတွက် ဖက်ရှင်ရှိုးတွင် ရေကူးဝတ်စုံဖက်ရှင်ပါဝင်အလှပြခဲ့သည်။

Miss Universe  ပြိုင်ပွဲသည် နှစ်ပေါင်း ၆၀ ကျော်ကာလတွင် ရုရှားနိုင်ငံက ပထမဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းလည်းဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပြိုင်ပွဲဝင်အလှမယ်များ၏ စည်းရုံးလှုပ်ရှားမှု ရက်သတ္တပတ် (Promotion Week) ဖြစ်သည်။ မိုးစက်ဝိုင်နှင့် အလှမယ်လေးများသည် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ ဆောင်ရွက်လှုပ်ရှားမှုများနှင့် လေ့လာရေးခရီးများကို နေ့စဉ်လုပ်ဆောင်ရသည်။

Miss Universe ပြိုင်ပွဲဝင် အလှမယ်များသည် နိုဝင်ဘာ ၁ ရက်တွင် ဟော်ကီပွဲနှင့် ညပိုင်းရိုက်ကူးခြင်း စသည့် လှုပ်ရှားမှုများကို မော်စကိုရှိ Soho Rooms တွင် လုပ်ဆောင်ရသည်။ နိုဝင်ဘာ ၃ ရက်တွင် ရိုးရာဝတ်စားဆင်ယင်မှု National Costume Show ကို ဒေသစံတော်ချိန် ည ၉ နာရီတွင် ရုရှားနိုင်ငံ၏ အကြီးဆုံး Shopping Center များထဲမှတစ်ခုဖြစ်သည့် Shopping Mall Vegas တွင်ပြုလုပ်သည်။ အဆိုပါပြိုင်ပွဲတွင်  မိုးစက်ဝိုင်ဝတ်စားဆင်ယင်မည့် (National Costume) အမျိုးသားဝတ်စုံ၊ မိတ်ကပ်၊ ဆံထုံးနှင့် လက်ဝတ်ရတနာတို့ကို  ဒီဇိုင်နာမိတ်ကပ် ဆံပင်ပညာရှင် တိုးတိုးက  မြန်မာနိုင်ငံမှ  မထွက်ခွာမီ ကပင်ကြိုတင်ပြင်ဆင်ပေးခဲ့သည်။ ပြိုင်ပွဲမှာအလွန်နီးကပ်နေသောကြောင့် အမြန်ဆုံးစီစဉ်ခဲ့ရခြင်း ဖြစ်သည့် အတွက် အသင့်ချုပ်ပြီးဝတ်စုံကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။

- ၈ -

သို့သော်အဆိုပါဝတ်စုံမှာ စတင်ချုပ်စဉ်ကပင် လေးလကြာ အချိန်ယူပြင်ဆင်ခဲ့သည့် ၀တ်စုံဖြစ်သည်။ မြန်မာမှုမြန်မာ့ဟန်ကို အခြေခံကာ ချုပ်လုပ် ထားခြင်းလည်းဖြစ်သည်။ ပြိုင်ပွဲနေ့မှလွဲပြီး အခြားနေ့များတွင် မိတ်ကပ်ပြင်ဆင်ခြင်းကို မိုးစက်ဝိုင်ကိုယ်တိုင်ပြုလုပ်ရသည်။ ပြင်ဆင်သည့် အယူအဆများကိုလည်း မြန်မာနိုင်ငံ တွင်ကြိုတင်လေ့လာခဲ့ရသည်။ ပြိုင်ပွဲဝင်အလှမယ်အားလုံးသည် မိတ်ကပ်ပြင်ဆင်မှုကို သူတို့ကိုယ်တိုင် လုပ်ကြ ရသည်။  

National Costume Show ပွဲကြီးတွင် မိုးစက်ဝိုင်ကို မြန်မာသံရုံးမိသားစုများနှင့် မြန်မာပရိသတ်များက တစ်ခဲနက်အားပေးကြသည်။ အင်္ဂလိပ်အက္ခရာ အစဉ်လိုက်ပြသ ပြိုင်ပွဲဝင်ရသဖြင့် မြန်မာနိုင်ငံအက္ခရာ (M) အလှည့် တွင် မိုးစက်ဝိုင်ပြသချိန်တွင်တော့ မြန်မာပရိသတ်များ က မြန်မာနိုင်ငံအလံများ၊ ရုပ်ပုံပိုစတာများ၊ အားပေးသည့် စာတန်းများဖြင့် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်။ နိုင်ငံပေါင်း ၈၆ နိုင်ငံမှ ပြိုင်ပွဲဝင် အလှမယ်လေးများ သည် စင်မြင့်ထက်မတက်မီနှင့် တက်ပြီးချိန်တွင် မီဒီယာများ၊ ပရိသတ်များကို ရင်းနှီး ဖော်ရွေစွာနှုတ်ဆက်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း အော်တိုလက်မှတ်များရေးထိုးခြင်း လုပ်ကြသည်။ ဒေသစံတော်ချိန် ည ၁၀နာရီခွဲ ပွဲပြီးဆုံးချိန်တွင်တော့ မိုးစက်ဝိုင်တစ်ယောက် သူ့မိသားစုနှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

Miss Universe 2013 ပြိုင်ပွဲတွင် မိုးစက်ဝိုင်၏ ထင်ရှားမှုမှာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကား သုံးမျိုးတတ်ကျွမ်းခြင်းနှင့် နှစ်ပေါင်း ၅၀ ကျော်အကြာတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပြန်လည် ပါဝင်ယှဉ်ပြိုင်လာခြင်းဖြစ်ကြောင်း နိုင်ငံတကာမှ လာရောက်ယှဉ်ပြိုင် သည့် ပြိုင်ပွဲဝင်အလှမယ်များ၏ ကိုယ်ရေး မှတ်တမ်းများတွင် ဖော်ပြခြင်းခံရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရာစကာဂိုစကယ်မြို့နယ်အတွင်းတွင် တည်ရှိသော Crocus City Hall ကဇာတ်ရုံတွင် Miss Universe 2013 ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် (Preliminary Competition Show) ပွဲကို ကျင်းပသည်။ ပြိုင်ပွဲတွင် မြန်မာ လူမျိုးစုစုရုံးရုံး လာရောက်အားပေးခဲ့ ကြသည်။ ပြိုင်ပွဲရုံတွင် အားပေးသောမြန်မာများကလည်း စုစုရုံးရုံးနေရာယူခဲ့ကြပြီး မိုးစက်ဝိုင်စင်မြင့်ထက်တွင် ခွန်အားအပြည့်ရှိစေရေးအတွက် လှိုက်လှိုက်လှဲလှဲဂုဏ်ပြုအားပေးကြသည်။

Miss Universe ပြိုင်ပွဲဝင်အလှမယ်လေးများသည် ငါးယောက်တစ်တွဲစီ ရှေ့ထွက်ကာ တစ်ဦးချင်းစီ မိမိနိုင်ငံနှင့် မိမိအမည် မိတ်ဆက်ခြင်းပြုလုပ်ခြင်း၊ ရေကူးဝတ်စုံဖြင့် Catwalk လျှောက်ခြင်း၊ ညနေပွဲတက် ၀တ်စုံဖြင့် Catwalk လျှောက်ခြင်းတို့ကို အကဲဖြတ်ဒိုင်လူကြီးများရှေ့တွင်လုပ်ဆောင်ရသည်။ ထိုနေ့မှာလည်း မိုးစက်ဝိုင်အတွက် အရမ်းထူးခြားသော နေ့တစ်နေ့ဖြစ်ခဲ့သည်။

- ၉ -

ထိုချိန်က ပြိုင်ပွဲဝင်ခဲ့မှုကိုလည်း မိုးစက်ဝိုင်က "မိုးစက်ဝိုင် ရန်ကုန် မြန်မာ" လို့ အော်လိုက်ရတဲ့အချိန် စိတ်ထဲမှာ အရမ်း…ပျော်သလိုမျိုးဖြစ်သွားပြီး မျက်ရည်တောင်လည်ခဲ့ရတယ်" ဟု Preliminary Competition Show နေ့တွင်ကြုံခဲ့ရမှုကို ပြောပြသည်။ မိုးစက်ဝိုင် စင်မြင့်ပေါ် တက်လာချိန်တွင် အစီအစဉ် ကြေညာသူရဲ့ ကြေညာသံထွက်လာတိုင်း "မြန်မာ'' ဆိုသည့် အားပေးသံများကို ပြိုင်ပွဲရုံအတွင်း သောသောညံအောင်ကြားနေ ရသည်။ မြန်မာများရဲ့အားပေးမှုကို ပြိုင်ပွဲဝင်ခဲ့သည့် အခြားနိုင်ငံများက အလှမယ်များပင် ဂရုပြုမိခဲ့သည်။

'' မိုးစက်တို့ မြန်မာက M ဆိုတော့ အလယ်လောက်မှာ၊ ရှေ့အက္ခရာ နိုင်ငံတွေကပြိုင်တဲ့သူငယ်ချင်းတွေ ရောက်လာပြီး နင်တို့မြန်မာတွေ အပြင်မှာ အများကြီးပဲ၊ တအားအားပေးနေကြတယ် လို့လာပြောကြတော့ မပြိုင်ခင်ကတည်းက မြန်မာတွေအများကြီး လာအားပေးကြမှန်း သိနေတာ" ဟုဆိုသည်။

ထိုနေ့ပွဲပြီးခါနီးတွင် နိုဝင်ဘာ ၃ ရက်ကယှဉ်ပြိုင်ထားသော Miss Universe National Costume 2013 ဆုကို ကြေညာခဲ့သည်။ ထိုဆုကို Nicaragua နိုင်ငံမှ အလှမယ်နာစတာဂျာဘိုလီဗာ(Nastassja Bolivar) ကရရှိ သွားသည်။ အဆိုပါဆုကို Miss Universe 2012 အမေရိကန်အလှမယ် အိုလီဗီးယားကာပိုလ်က ပေးအပ် ချီးမြှင့်ခဲ့သည်။ မိုးစက်ဝိုင်လည်း Preliminary Competition Show ပွဲတစ်လျှောက် အမှားအယွင်းမရှိ  ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့သည်။ ပွဲအပြီးတွင် မိုးစက်ဝိုင်က လာရောက်အားပေးသော မြန်မာပရိသတ်များကို ပျော်ရွှင်စွာဖြင့် လက်ပြနှုတ်ဆက်ခဲ့သည်။ 

 နောက်ဆုံး ယှဉ်ပြိုင်ရသည့် နိုဝင်ဘာ ၉ ရက်ဖိုင်နယ်နေ့တွင် ဆန်ခါတင် ၁၆ ယောက် ရွေးချယ် သောအခါ မိုးစက်ဝိုင်မပါဝင်ခဲ့ပေ။ သို့သော် ရသည့်ပြင်ဆင်ချိန်အနည်းငယ်အတွင်း အကောင်းဆုံး ဖြစ်အောင် အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထိုနေ့တွင်တော့ ထူးထူးခြားခြားလုပ်ဆောင်ရမှု မရှိတော့ပါ။ လာရောက် အားပေးနေသော မြန်မာပရိသတ်များက မိုးစက်ဝိုင်အတွက် စိတ်မကောင်းဖြစ်ကြသည်။  ထိုအချိန် တွင်လည်း မိုးစက်ဝိုင်ကိုယ်တိုင် သူ့ကိုအားပေးသော မြန်မာပရိသတ်များအတွက် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်း သွားသည်။ မိုးစက်ဝိုင်ထက် ပိုပြီး စိတ်မကောင်းဖြစ်ရသူက အိမ်ရှင်ရုရှားအလှမယ်။ အိမ်ရှင်ပရိသတ်များ ရှေ့တွင် ဆန်ခါတင် ၁၆ ယောက် အတွင်းမပါဝင်သောကြောင့် ၀မ်းနည်းကာ ငိုတော့သည်။ မြန်မာ ပရိသတ်များအတွက် တာဝန်မကျေဟုခံစားနေရသော မိုးစက်ဝိုင် မျက်ရည်ဝဲကာဝမ်းနည်းနေချိန် အိမ်ရှင်ရုရှား အလှမယ်က ငိုသွားပြီ။

- ၁၀ -

" ၁၆ ယောက်ထဲမှာ မပါတော့ မိုးစက်အရမ်းဝမ်းနည်းသွားပြီး မျက်ရည်ဝဲလာတယ်၊ အဲဒီအချိန် အိမ်ရှင် ရုရှားအလှမယ်က ငိုချလိုက်တော့ နည်းနည်းမရင့်ကျက်တဲ့ပုံပေါက်သွားတယ်၊ တခြားအလှမယ်တွေက ၀ိုင်းချော့ကြတာပေါ့နော်၊ ကြည့်လို့မကောင်းဘူး၊ ငါတော့ငိုလို့မဖြစ်သေးဘူး ဆိုပြီး စိတ်ကိုပြန်ထိန်းလိုက်တယ်'' ဟု ဆန်ခါတင် စာရင်းတွင်မပါဝင်သောကြောင့် မြန်မာပရိသတ်များအတွက် တာဝန်မကျေဟု ခံစားနေရချိန် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို မိုးစက်ဝိုင်ကပြောပြသည်။

ရုရှားနိုင်ငံ မော်စကိုမြို့၊ Crocus City Hall တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သော ၆၂ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးတွင် ဗင်နီဇွဲလားနိုင်ငံမှ အလှမယ် ဂယ်ဗလီယာအစ်စလာ(Gabriela Isler) Miss Universe သရဖူဆွတ်ခူးခဲ့သည်။ ပြိုင်ပွဲသို့ပြိုင်ပွဲဝင် အလှမယ် ၈၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုအထဲမှ ဆန်ခါတင် ၁၆ ဦး ရွေးချယ်ကာ အဆင့်ဆင့်ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လူမှုဆက်ဆံရေး အကောင်းဆုံး ဆုကို တရုတ်နိုင်ငံမှအလှမယ် ဂျင်ရီ(Jin Ye) ကလည်းကောင်း၊ အကောင်းဆုံးအမျိုးသား ၀တ်စုံဆုကို Nicaragua နိုင်ငံမှ အလှမယ်နာစတာဂျာဘိုလီဗာ(Nastassja Bolivar) ကရရှိခဲ့ပြီး ဓာတ်ပုံ အစားဆုံးဆုကို ပိုလန်နိုင်ငံမှအလှမယ် ပေါ်လီနာကရူပင်စကာ(Paulina Krupinska)ကဆွတ်ခူးခဲ့သည်။ အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း (၁၆၀)ကျော်က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

ပြိုင်ပွဲပြီးသွားသောအခါ မိုးစက်ဝိုင်တစ်ယောက် မြန်မာနိုင်ငံသို့ပြန်ရန် ပြင်ဆင်ရသည်။ မော်စကိုရှိမြန်မာ သံရုံးတွင် သံအမတ်ကြီးနှင့် မြန်မာမိသားစုများ၊ ရုရှားရောက်မြန်မာများကိုနှုတ်ဆက်သည်။ သံရုံးတွင် မိုးစက်ဝိုင် ဖြစ်ချင်နေသော ဆန္ဒတစ်ခုပြည့်ဝခဲ့သည်။ စခန်းသွင်းကာလ Camp ၀င်ချိန်တစ်လျှောက်လုံး ကျွေးခဲ့သည့် အစားအစာများကို မိုးစက်ဝိုင်လုံးဝမကြိုက်ခဲ့။ သူစားချင်နေတာက မြန်မာထမင်းဟင်း။ သံရုံးသို့ရောက်ချိန် သံအမတ်ကြီးတို့မိသားစုကကျွေးသော မြန်မာထမင်းဟင်းများကို မိုးစက်ဝိုင်အားပါးတရ စားတော့သည်။

"မိုးစက်က မြန်မာထမင်းဟင်းအရမ်း…စားချင်နေတာ၊ Camp မှာကျွေးတာတွေကလည်း မိုးစက်အတွက် စားနေမကျလို့ အဆင်မပြေဘူး၊ ပြိုင်ပွဲလည်းပြီးသွားပြီဆိုတော့ မိုးစက်ကိုပြောမယ့်သူလည်းမရှိတော့ဘူး အဲဒီ နေ့ကတော့ အ၀ကိုစားလိုက်တာ၊ အရမ်းလည်းပျော်တယ်" ဟု မိုးစက်ဝိုင်က ပြိုင်ပွဲအပြီးသံရုံးတွင် မြန်မာ ထမင်းဟင်းစားခဲ့သောအချိန်ကို အမှတ်တရပြောပြသည်။

မြန်မာနိုင်ငံသို့ပြန်ရောက်ပြီး သရဖူထိန်းသိမ်းရသည့် တစ်နှစ်တာကာလအတွင်း အစစအရာရာ လှုပ်ရှား နေထိုင်မှုများကို Miss Universe အလှမယ် တစ်ဦးအနေဖြင့် သူသတိပြုနေထိုင်ခဲ့သည်။ ပရဟိအလုပ်များကို ပြိုင်ပွဲမ၀င်ခင်က ကတိပြုခဲ့သည့်အတိုင်းဖြစ်မြောက်အောင်မြင်အောင် မိုးစက်ဝိုင် ဦးစားပေးလုပ်ဆောင်ခဲ့သည်။ ပြိုင်ပွဲမ၀င်ခင်က အဓိကကူညီပေးခဲ့သူများအတွက် ကြော်ငြာများရိုက်ကူးပေးခြင်း၊ Alpine နှင့် Bangkok Airways တို့၏ Brand Ambassador အဖြစ်လှုပ်ရှားမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသော Amazing City အမည်ရှိ မြန်မာနိုင်ငံမှ စိတ်ဝင်စားဖွယ်နေရာများအကြောင်း ခရီးသွားဇာတ်လမ်းများ ရိုက်ကူးပေးနေသည်။ မိုးစက်ဝိုင်ရေရှည်တွင် အနုပညာဖြင့်ရပ်တည်ရန်  အစီအစဉ် မရှိသော်လည်း ပရိသတ်များအတွက်အမှတ်တရဖြစ်စေရန် ရုပ်ရှင်တစ်ကားရိုက်ကူးရန် အစီအစဉ် ရှိသည်ဟု ဆိုသည်။

- ၁၁ -

ယခုနှစ် အမေရိကန်နိုင်ငံ မီယာမီကမ်းခြေတွင်ကျင်းပပြုလုပ်မည့် Miss Universe 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်မည့် အလှမယ် သျှားထွဋ်အိန္ဒြာကိုလည်း မိုးစက်ဝိုက်တစ်ယောက် စီနီယာ အစ်မကြီးပီပီ အတွေ့အကြုံများမျှဝေပေးခဲ့သည်။

 "သျှားထွဋ်က အရမ်းကံကောင်းပါတယ်၊ မိုးစက်လို အမှောင်ထဲကိုစမ်းပြီးလျှောက်ရမယ့်သူ မဟုတ်တော့ ဘူး၊ Organization ကလည်းအတွေ့အကြုံရှိသွားပြီ၊ သူပြိုင်ရမယ့်မြို့ကလည်း အရမ်းပျော်ဖို့ကောင်းတဲ့မြို့၊ နိုင်ငံကလည်း Miss Universe ပြိုင်ပွဲကိုအားပေးတဲ့နိုင်ငံဆိုတော့ သျှားထွဋ်အတွက် အရမ်းကောင်းတဲ့ အခွင့် အရေးပါ၊ သူကလေ့ကျင့်ချိန်လည်းအများကြီးရထားတယ်၊ ပြီးတော့ကံနဲ့လည်းဆိုင်သလို ပရိသတ်ရဲ့အားပေး မှုလည်းလိုပါတယ်" ဟု ယခုနှစ်ပြိုင်ပွဲဝင် အလှမယ်သျှားထွဋ်အိန္ဒြာနှင့်ပတ်သက်ပြီးဆိုသည်။

မိုးစက်ဝိုင်သည် ယခုအခါ ပရဟိတအလုပ်များပိုမိုလုပ်ဆောင်ဖြစ်လာခဲ့သည်။ ငယ်စဉ်ကပင် မရှိနွမ်းပါး သူများကို အလှူဒါနရက်ရောခဲ့သည့် မိုးစက်ဝိုင်သည် ပိုမိုလေးနက်ဖြူစင်သော မိဘမဲ့ကလေးများအတွက် ပညာရေးထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဆိတ်ဖူးတောင်မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားသုံးဦးအတွက် ပြင်ဦးလွင်မြို့တွင် ပညာရေးတာဝန်ယူကာ ကုသိုလ်ပြုခဲ့သည်။

"မိုးစက်သိလာတာက ဘာလဲဆိုတော့ Miss Unverse တစ်ယောက်အနေနဲ့ရော၊ ထင်ရှားသူ တစ်ယောက်အနေနဲ့ရော ကိုယ်ပြုတဲ့ကုသိုလ်ဟာပိုပြီးကြီးမားတဲ့ အကျိုးသက်ရောက်မှုကိုရတယ်၊ ဆိတ်ဖူး တောင် ကိုသွားတုန်းက ကလေးတွေကိုလှူဖို့ပဲသွားတာ အဲဒီရောက်တော့ ကလေးသုံးယောက်ကို ကျောင်းထား ဖို့ဖြစ်လာတယ်၊ မိုးစက်နဲ့သိတဲ့သူတွေကဖုန်းဆက်ပြီး ဆိတ်ဖူးတောင်ကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တောင်း ကြတယ်၊ နောက်ပိုင်းမှာ မိုးစက်ထက်အဆပေါင်းများစွာတတ်နိုင်သူတွေက ကျောင်းသားတွေအများကြီး တာဝန် ယူပြီး ကျောင်းထားပေးကြတယ်၊ မိုးစက်ပြုတဲ့ကုသိုလ်ထက် ကြီးမားတဲ့အကျိုးသက်ရောက်မှုရတယ်လို့ပဲ ထင်ပါ တယ်''ဟု မိဘမဲ့ကလေးများအတွက် ပရဟိတအလုပ်များလုပ်ဆောင်ရာတွင် မိုးစက်ဝိုင်ကသူ၏ခံစားမှုကိုပြောပြ သည်။

ထို့အပြင်မိုးစက်ဝိုင်သည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် မြန်မာနှလုံးသားပရဟိတအသင်း (Myanmar Heart's Charity Group) ကို ဦးစီးတည်ထောင်ခြင်းဖြင့် ခြေလှမ်းသစ်တစ်ခုစတင်လိုက်သည်။

 - ၁၂ -

အဆိုပါ ပရဟိတအသင်းအနေဖြင့် ရန်ပုံငွေရှာဖွေမှုကို Myanmar Heart's Charity Group ၏ အမှတ်တံဆိပ် ပါသော ကုန်ပစ္စည်းများကိုဝယ်ယူခြင်းဖြင့် အကန့်အသတ်မရှိသော လှူဒါန်းမှုများကို ပါဝင်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လှူဒါန်းမှုများပြုလုပ်ရာတွင် အလှူငွေတိုက်ရိုက် ထည့်ဝင် လှူဒါန်းနိုင်ရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

''မိုးစက်ရဲ့ ပရိသတ်တွေကိုပြောထားတဲ့အတိုင်း ပရဟိတအသင်းထူထောင်ခဲ့တာပါ၊ မိဘမဲ့ကလေး တွေနဲ့၊ ဆင်းရဲနွမ်းပါး ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ ထောက်ပံ့ကူညီနိုင်ဖို့အတွက် မြန်မာနှလုံးသား ပရဟိတအသင်းက ဆောင်ရွက်သွားမှာပါ" ဟု မိုးစက်ဝိုင်က သူတည်ထောင်သော ပရဟိတ အသင်း၏ရည်ရွယ်ချက်ကို ရှင်းပြသည်။

အဆိုပါပရဟိတ အသင်းအနေဖြင့် ပထမဆုံးလှူဒါန်းမှုကို ကြို့ပင်ကောက်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးရိုးမတောင်ခြေတွင်ရှိသော သင်္ခရိုင်မိဘမဲ့ကျောင်းသို့ ဖေဖော်ဝါရီလအတွင်း သွားရောက်လှူဒါန်း ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါကျောင်းမှာ အလှူရှင်နည်းပါး ကာ အမြဲတမ်းအလှူရှင် မရှိသော ကြောင့် ဦးစွာလှူဒါန်းရန် စီစဉ်ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းမှုတွင်ပါဝင်ရန် မိုးစက်ဝိုင်၏သူငယ်ချင်းများ ဖြစ်သော Miss Universe 2013 ပြိုင်ပွဲဝင် အာရှနိုင်ငံများမှအလှမယ်တချို့ကို ဖိတ်ကြားရန်မိုးစက်ဝိုင် စီစဉ် ထားသည်။

ပရဟိတအလုပ်များ၊ အနုပညာအလုပ်များ၊ လူမှုရေးလုပ်ငန်းများ အမြဲမပြတ်လုပ်ဆောင်လျက်ရှိသော အလှမယ်မိုးစက်ဝိုင်တစ်ယောက် အလုပ်များအစဉ်အမြဲ အဆင်ပြေချောမွေ့နေခြင်းတော့မရှိပါ။

"မိုးစက်မိသားစုက အနုပညာအသိုင်းအ၀ိုင်းကမဟုတ်ဘူး၊ အနုပညာနဲ့ ဆက်ဆံမှုလည်းမရှိဘူး၊ ဆွေမျိုးထဲမှာလည်းမရှိ၊ မိုးစက်တစ်ယောက်တည်း ဒီအလုပ်ကိုလုပ်ခဲ့တာဆိုတော့ မိသားစုကိုဒီအလုပ်နဲ့ ပတ်သက်ပြီး နားလည်အောင်ပြောပြရတယ်၊ ဟိုဘက်ဒီဘက် အဆင်ပြေအောင်ညှိနှိုင်းရတယ်။ နားလည်မှု လွဲနေတာ၊ မတူညီတဲ့ဘ၀(life) နှစ်ခုကို တူအောင်ညှိနှိုင်းရတာဟာ မိုးစက်အတွက်တော်တော်ခက်ခဲပါတယ်၊ တစ်ခါတလေ ညှိနှိုင်းရင်း ညှိနှိုင်းရင်း…"

မိုးစက်ဝိုင်တစ်ယောက် သူ့ရဲ့ဘ၀ကို နေ့စဉ်ဖြတ်ကျော်နေလေရဲ့…

                                                                    

ညွန့်ဇော်အောင်