MUM 2015 & 2016 Activities

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲဝင်ဆန်ကာတင်အလှမယ် (၂၀)ဦးသည် လူမှုရေး ခရီးစဉ်အဖြစ် စက်တင်ဘာလ(၈)ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် လေးယောက်တွဲ အုပ်စု(၅)စုခွဲကာ ဟင်းချက်ပြိုင်ပွဲကို Hotel ACE တွင် ပြုလုပ်ခဲ့ပါသည်။ ပထမဆုကို ကေခိုင်မြင့် (ပြည်)၊ ချိုချိုထွန်း(စစ်တွေ)၊ နဒီလှိုင်း(မိုးကုတ်)၊ ထက်ထက်ထွန်း (ရန်ကုန်)တို့ ပါဝင်သည့် အဖွဲ့မှ ရရှိခဲ့ပါသည်။

စက်တင်ဘာလ(၉)ရက် နေ့မနက်ပိုင်းတွင် ဖိုးကုလားကျွန်း၌ အလှဓာတ်ပုံရိုက်ကူးခြင်း၊ အပျော်စီးလေ ထီးစီးခြင်း၊ Speed Boat စီးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် ဝါ၊ စိမ်း၊ နီ၊ ပြာ အသင်းလေးသင်း၊ ငါးယောက်တွဲဖြင့် သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲကျင်းပခဲ့ရာ ပထမဆုကို ငွေနှင်းမှုန်(လားရှိုး)၊ မေဘရဏီသော် (ရန်ကုန်)၊ ပိုးပိုးရွှေရည် (ရန်ကုန်)၊ မွှေးသက်လွင်(ရန်ကုန်)၊ အိဖြိုးသွယ် (မော်လမြိုင်)တို့ ပါဝင်သည့် အစိမ်းအသင်းမှ ရရှိခဲ့ပါသည်။

စက်တင်ဘာလ(၁၀)ရက် နေ့မနက်တွင် ချောင်းသာကမ်းခြေမှ ပြန်လည်ထွက်ခွာခဲ့ပြီး အင်္ဂပူမြို့သို့ သွားရောက်ခဲ့ပါသည်။ အင်္ဂပူမြို့နယ် ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်း၏ စီစဉ်မှုဖြင့် အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့်ဒေသများဖြစ်သည့် သုံးဆက်ရွာနှင့် ကံဆယ်ရွာတို့မှ လိုအပ်ချက်ရှိသော အိမ်ထောင်စု (၁၀ဝ)အတွက် တန်ဖိုးသင့် ညစာ၊ ငါးသေတ္တာဗူး၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်နှင့် စာအုပ်များ လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် မွေးဖွားရာဒေသ ဖြစ်သည့် မဲဇလီကုန်းမြို့ရှိ ဗိုလ်အောင်ကျော်ခန်းမတွင် မဲဇလီကုန်းပတ်ဝန်းကျင်ရှိ လိုအပ်ချက်ရှိသော အိမ်ထောင်စု (၁၀ဝ)အား တန်ဖိုးသင့်ညစာ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်နှင့် စာအုပ်များအား ဆက်လက်လှူဒါန်းခဲ့ပါသည်။

၎င်းနောက်ထူးကြီးမြို့သို့ရောက်ရှိခဲ့ပြီး ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ အချိုရည် တိုက်ကျွေးခြင်း၊ အားပေးစကားပြောကြားခြင်း၊ အလှူငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ထူကြီးမြို့နယ်အတွင်းရှိ အလယ်စုရွာသို့ စားသုံးဆီနှင့် အလှူငွေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

၁၂-၉-၂၀၁၅ တွင် ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဌာနမှ ကလေးငယ်(၂၀)ဦးကို ကြိုဆိုခေါ်ယူ၍ မွန်းလွဲ (၁းဝ၀)နာရီတွင် ရန်ကုန်ဘူတာကြီးမှ ရန်ကုန်မြို့တစ်ပတ် အဲယားကွန်း မြို့ပတ်ရထားဖြင့် စတင်ထွက်ခွာခဲ့ပါသည်။

ရထားပေါ်တွင် ကလေးငယ်များအား အာဟာရဖြစ်စေရန် မုန့်နှင့် အချိုရည်များကို ကျွေးမွေးခဲ့ပြီး၊ ကဗျာရွတ်ဆိုခြင်း၊ လမ်းဘေးဝဲယာမြင်ကွင်းများ ပြသရှင်းလင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ညနေ (၃း၄၅)နာရီတွင် ရန်ကုန်ဘူတာကြီးမှ ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဌာနသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ပါသည်။

ဆက်လက်၍ ပံ့ပိုးကူညီသည့် စပွန်ဆာကုမ္ပဏီများသို့ သွားရောက်လည်ပတ်ခြင်းကို စက်တင်ဘာလ (၂၅၊ ၂၆၊ ၂၇) ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

Miss Universe Myanmar 2015၊ 2016  ပြိုင်ပွဲကြီးအား အောက်တိုဘာလ(၃)ရက်နေ့ ညနေ(၆းဝ၀)နာရီတွင် Gandamar Grand Ballroom ၌ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကြိုတင်လက်မှတ်များအား Miss Universe Myanmar Organization ရုံးဖုန်းများဖြစ်သော ဝ၁-၃၉၃၁၀၂၊ ၃၉၂၀၉၉ တို့သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါသည်။

• ဟင်းချက်ပြိုင်ပွဲ ဓာတ်ပုံများ ကြည့်ရန် » https://www.facebook.com/missuniversemm/posts/749292215197935
• အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့်ဒေသများ သို့ သွားရောက်လှူဒါန်း ဓာတ်ပုံများ ကြည့်ရန် » https://www.facebook.com/missuniversemm/posts/749321021861721
• ဖိုးကုလားကျွန်းမှ ဓာတ်ပုံများ ကြည့်ရန် » https://www.facebook.com/missuniversemm/posts/749332321860591
• ဘော်လီဘောပြိုင်ပွဲ ဓာတ်ပုံများ ကြည့်ရန် » https://www.facebook.com/missuniversemm/posts/749336151860208