Miss World Beauty Queen 2017 အလှမယ်ကိုယ်ရေးအကျဉ်း

မယ်စကြာဝဠာမြန်မာ 2017 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော မြစ်ကြီးနားမြို့ကိုယ်စားပြု အလှမယ်ဂျာဒင်ကိုင်သည် 2017 ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပပြုလုပ်မည့် World Beauty Queen ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် ဂျာဒင်ကိုင်သည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဇွန်လ (၁၉) ရက်နေ့ညတွင် Korea Airlines ဖြင့်ထွက်ခွာမည် ဖြစ်ပါသည်။

အလှမယ်ဂျာဒင်ကိုင်သည် ဖခင်ဦးတူအောင်နှင့် မိခင် ဒေါ်ဂျာအောင်တို့မှ မွေးဖွားသည့် မွေးချင်း (၆) ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပြီး ပထမနှစ် (ဓာတုဗေဒ) ဘာသာရပ် တက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်တစ်ဦးဖြစ်ပြီး မယ်စကြာဝဠာအဖွဲ့အစည်းနှင့်အတူ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျှက်ရှိပါသည်။ World Beauty Queen ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ဂျာဒင်ကိုင်၏ ပြိုင်ပွဲဝင်ညနေခင်းဝတ်စုံနှင့် အမျိုးသားဝတ်စုံများကို ဒီဇိုင်နာဇော်ဆိုင်း (Man made) မှ ဖန်တီးချုပ်လုပ်သွားမည်ဖြစ်ပါသည်။ အလှမယ်ဂျာဒင်ကိုင်သည် Miss Universe Myanmar 2017 ဇွန်သံဇဉ်၊ Miss Grand Myanmar 2017 ရွှေအိမ်စည်တို့နှင့်အတူ ဖိလစ်ပိုင်နိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး 2017 ခုနှစ်အတွင်း မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းမှ ပထမဆုံးစေလွှတ်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်ပါသည်။