Miss Grand Myanmar 2017 ကိုယ်ရေးအကျဉ်း

Miss Grand Myanmar 2017 ရွှေအိမ်စည်သည် အဘ ဦးသိန်းထွဋ်ကြည်၊ အမိဒေါ်နီလာရီတို့၏ သားသမီးနှစ်ဦးအနက် ၁၉၉၈ ခုနှစ်တွင် မွေးဖွားခဲ့သော သမီးအငယ်ဖြစ်သည်။ အသက်(၂)နှစ် အရွယ်တွင် တပ်မတော်သားတစ်ဦးဖြစ်သော ဖခင် ကွယ်လွန်ခဲ့ပြီးနောက် ဖက်ရှင်ဒီဇိုင်းတီထွင်သူပညာရှင် မိခင်လက်ပေါ်တွင် ကြီးပြင်းလာခဲ့သည်။ အသက်(၁၆)နှစ်အရွယ်တွင် အင်္ဂလန်အခြေစိုက် MJ Visuals အေဂျင်စီသို့ ဝင်ရောက်ပြီး မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုနှစ်ထဲမှာပင် သူမ၏ ပထမဆုံး အဓိကနိုင်ငံတကာအတွေ့အကြုံအဖြစ် ကမ္ဘာကျော် Paul Costelloe မှထုတ်လုပ်သော လက်ကိုင်အိတ်များကြော်ငြာအစီအစဉ်တွင် ပါဝင်ခဲ့ပါသည်။ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မော်ဒယ်လုပ်ငန်း ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၂ဝ၁၆ ခုနှစ်၊ မေလတွင် Miss World Myanmar ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ စတုတ္ထနေရာရရှိခဲ့သည်။ သူမ၏ ပထမဆုံးအကြိမ်အလှမယ်ပြိုင်ပွဲအတွေ့အကြုံမှ ရရှိလာသော ပရိသတ်အားပေးမှုကြောင့် ထိုနှစ် စက်တင်ဘာတွင် ကျင်းပသော Miss Universe Myanmar နှင့် Miss Grand Myanmar တို့ကို ရွေးချယ်သည့်ပွဲသို့ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ Miss Grand Myanmar 2017 အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့ပြီး မိခင်ဖြစ်သူ၏ အလုပ်အကိုင်တည်ရှိရာ အင်္ဂလန်နိုင်ငံသို့ လိုက်ပါသွားပြီးနောက် GCSE တက္ကသိုလ်ဝင်တန်းပြီး မြောက်ခဲ့ပါသည်။ ပြည်ပတွင် ပညာသင်ကြားစဉ် ရှိတ်စပီယား၏ ဂန္ထဝင်ပြဇာတ်များတွင်လည်း အခြေခံပညာအဆင့် ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ဒယ်ရှိုးများ၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ရုပ်သံကြော်ငြာများ၊ ဗီစီဒီသီချင်းခွေများကို စဉ်ဆက်မပြတ် ရိုက်ကူးခဲ့သည်။ Miss Gand Myanmar အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံ့ဂုဏ်ဆောင်အလှမယ်တစ်ဦးအဖြစ် အစစအရာရာ  လိုအပ်ချက်မရှိအောင် ပြင်ဆင်နေသဖြင့် အချို့သော အချိန်ပေးရသည့်အနုပညာကမ်းလှမ်းမှုများကို ပွဲပြီးချိန်အထိ ရွှေ့ဆိုင်းထားပြီး အချို့ကိုသာ လက်ခံလုပ်ကိုင်ပေးလျက်ရှိသည်။

ယခုအခါ နေ့စဉ် Personal Trainer များ၏ သင်ကြားမှုဖြင့် အားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်းအပါအဝင် မြန်မာ့ဂုဏ်ဆောင်အလှမယ်တစ်ဦးအတွက် လိုအပ်သော အရည်အသွေးများ ပြည့်ဝအောင် ကြိုးစားပြင်ဆင်လျက်ရှိပါသည်။ ပြိုင်ပွဲကြောင့် အလုပ်တာဝန်အချို့ လျှော့ချထားသော်လည်း လူမှုရေးပရဟိတလုပ်ငန်းများကို မလစ်ဟင်းအောင် ဆက်လက်လုပ်ကိုင်လျက်ရှိပါသည်။ ရွှေအိမ်စည်ပါဝင်လှုပ်ရှားနေသော လူမှုပရဟိတလုပ်ငန်းများမှာ ဒေါ်ဖြူဖြူသင်းဦးစီးသော ဒဂုံမြို့သစ်မြောက်ပိုင်း NLD HIV/AIDS ဝေဒနာရှင်မိဘမဲ့ကလေးများဂေဟာသို့ အခါအားလျော်စွာ သွားရောက်ဒါနပြုခြင်း၊ ရွာသာကြီးရှိ စစ်မှုထမ်းဟောင်းရွာများအတွက် သောက်သုံးရေအတွက် ရေလှူဒါန်းခြင်း၊ စဉ်ဆက်မပြတ်ရေရရှိရေးအတွက်လည်း စက်ရေတွင်းလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါကျေးရွာများရှိ သက်ကြီးရွယ်အိုနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်း စစ်မှုထမ်းဟောင်းများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သွားရေးအတွက်လည်း ဆွေးနွေးလျက်ရှိသည်။

Miss Grand Myanmar ဆုအဖြစ် ချီးမြှင့်ခြင်းခံရသော ဆုကြေးငွေမှ ကိုယ်လက်အင်္ဂါဆုံးရှုံးဒဏ်ရာရသူများအတွက် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံသို့ ငွေပဒေသာပင် စိုက်ထူလှူဒါန်းပါသည်။  ရွှေအိမ်စည်သည် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Grand International  ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။